အူရောင်ငန်းဖျားရောဂါ ဘာကြောင့်ဖြစ်ရတာလဲ
ဆေးကောင်းဝါးကောင်းတွေ မပေါ်ခင်ခေတ်က အူရောင်ငန်းဖျားရောဂါဆိုတာ လူ့အသက်တွေကို အလွယ်တကူ နှုတ်ယူနိုင်ခဲ့တဲ့ ရောဂါပါ။ အခုခေတ်မှာလည်း ကုသမှုသေချာမခံယူရင် နောက်ဆက်တွဲဆိုးကျိုးတွေ ဝင်ပြီး သေဆုံးတဲ့ထိ ဖြစ်နိုင်ပါသေးတယ်။ ကုသမှုမခံယူရင် ၅ ယောက်မှာ ၁ ယောက်နှုန်းထိ သေဆုံးနိုင်ပါတယ်။
အူရောင်ငန်းဖျားရောဂါဆိုတာ Salmonella Typhi လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပြီး Salmonella ဟာ အစာအဆိပ်သင့်ခြင်းကိုလည်း ဖြစ်စေနိုင်တဲ့ ရောဂါပိုးပါ။
အူရောင်ငန်းဖျားဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ရောဂါရှိသူရဲ့ မစင်နဲ့ဆီးတွေမှာ ရောဂါပိုးတွေ ပါနေနိုင်ပြီး ထိုမစင်နဲ့ဆီးက ရောဂါပိုးတွေ ကပ်ငြိနေတဲ့ အစားအစာတွေ စားမိတာ၊ ရေသောက်မိတာကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။
မသန့်ရှင်းတဲ့ ရေတွေ၊ ယင်နားစာတွေ စားရာကနေ ကူးနိုင်သလို ရောဂါရှိသူရဲ့ အညစ်အကြေးတွေ ကိုင်တွယ်ပြီး လက်သေချာမဆေးဘဲ အစားအသောက်တွေ ကိုင်တွယ်ချက်ပြုတ် ပြင်ဆင်တာ၊ စားသောက်တာကနေလည်း ကူးနိုင်ပါတယ်။
ရောဂါလက္ခဏာတွေ…
- အဖျားကြီးတာ၊ ကိုယ်အပူချိန်က တစ်ရက်ထက်တစ်ရက် ပိုပိုတက်လာတာ
- ခေါင်းကိုက်တာ
- တစ်ကိုယ်လုံး ကိုက်ခဲနေတာ
- ချောင်းဆိုးတာ
- မောပန်းအားကုန်နေတာ
- ခန္ဓာကိုယ်မှာ အနီစက်တွေထွက်တာ
- ဝမ်းချုပ်တာ
- ဝမ်းလျှောတာ
- မစားချင်မသောက်ချင်ဖြစ်တာ
- ဗိုက်အောင့်တာတွေ ဖြစ်နိုင်ပါတယ်။ အချိန်မီကုသမှု မခံယူရင် အူပေါက်ပြီး အသက်အန္တရာယ်ရှိတဲ့ထိ ဖြစ်နိုင်ပါတယ်။
ဘယ်လိုကုသမလဲ?
ဘက်တီးရီးယားကြောင့်ဖြစ်တာ ဖြစ်တဲ့အတွက် ရောဂါအခြေအနေပေါ် မူတည်ပြီး ပိုးသတ်ဆေးကို သောက်ဆေးဖြစ်စေ၊ ထိုးဆေးဖြစ်စေ ၁ပတ်ကနေ ၂ပတ်ကြာတဲ့ထိ ပေးပြီး ကုသရပါမယ်။
ရောဂါအခြေအနေဆိုးတဲ့အခါ ဆေးရုံတက်ကုသဖို့ လိုအပ်ပါတယ်။
အူရောင်နေရာက ပေါက်မသွားရအောင် အစာမာ၊ အစာကြမ်းတွေ မစားဘဲ ပျော့ပြောင်းပြီး အစာကြေလွယ်တာတွေသာ စားသင့်ပါတယ်။
ဘယ်လိုကာကွယ်မလဲ?
အူရောင်ငန်းဖျားရောဂါ ကာကွယ်ဆေးရှိပါတယ်။ ထိုးဆေးဆိုရင် တစ်ကြိမ်သာ ထိုးရန်လိုအပ်ပြီး သောက်ဆေးဆိုရင်တော့ ဆေးသုံးလုံးကို တစ်ရက်ခြားဆီ သောက်ပေးရမှာ ဖြစ်ပါတယ်။
ဘယ်ကာကွယ်ဆေးကမှ ၁၀၀ ရာခိုင်နှုန်း ကာကွယ်မပေးနိုင်ပါဘူး။
- ရေကို ကျိုချက်သောက်တာ
- မသန့်ရှင်းတဲ့ ရေနဲ့အစားအသောက်တွေ ရှောင်တာ
- အစားအစာ စားခါနီး၊ ကိုင်တွယ်ခါနီးတိုင်း လက်ကို ဆပ်ပြာနဲ့ ျသချာဆေးကြောတာ
- အိမ်သာက ထွက်တိုင်း လက်ကိုဆပ်ပြာနဲ့ သေချာဆေးကြောတာ
- ရောဂါရှိသူရဲ့ အညစ်အကြေးတွေကို စနစ်တကျ စွန့်ပြစ်တာတွေကသာ အူရောင်ငန်းဖျားမဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။
အစွမ်းထက်ဆေးဝါးတွေ ရှိနေတဲ့ခေတ်မှာ အူရောင်ငန်းဖျားရောဂါဟာ ကြောက်စရာကြီး မဟုတ်တော့ပါဘူး။ အချိန်မီ ကုသမှုခံယူရင် မိမိအိမ်မှာပဲ ကုသပျောက်ကင်းနိုင်တဲ့ ရောဂါမို့ မပေါ့ဆဖို့ပဲ လိုတာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်